Your cart is currently empty!
Educated |ပညာဆိုတာဒီလိုရှာ

educated စာအုပ်ကိုဖတ်မယ်ဖတ်မယ်နဲ့ မဖတ်မဖြစ်ဘူး။ မူရင်း pdf file ကိုဒေါင်းထားဖြစ်တာကြာပြီဆိုပေမဲ့ တခြားစာအုပ်တွေကို ဖတ်နေရင်း မဖတ်ဖြစ်တာ။
ဟိုတစ်လကမှ read and return စာအုပ်ဆိုင်မှာ စာရင်းသွားသွင်းတဲ့အချိန်မှ ဆရာသင့်လူ မြန်မာပြန်ထားတဲ့ Educated ပညာဆိုတာဒီလိုရှာ စာအုပ်ကို ငှားခဲ့ဖြစ်တယ်။
ဒီစာအုပ်ကို စသိတာက လိုင်းပေါ်မှာ Bill Gates ရဲ့ recommendation တွေထဲက တစ်ခုဆိုပြီး…။ သိပ်ကောင်းတယ်လို့လည်း ပြောကြတယ်။ memoir လို့ဆိုပေမဲ့လည်း ဝတ္ထုပုံစံနဲ့ စာရေးသူပေးချင်တဲ့ message တစ်ခုခု၊ self-help book တစ်ခုခု ဘက်ကို ပိုရောက်လိမ့်မယ်လို့ ထင်ထားတာ၊ အမှန်တကယ်တော့ တကယ်ကို အသက်ဝင်တဲ့ ကိုယ်တိုင်ရေး မှတ်တမ်းကောင်းတစ်ခုဖြစ်တယ်ဆိုတာ ဖတ်ရင်းနဲ့ သိလိုက်ရတယ်။ ဒီစာအုပ်က ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး best selling စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ ဖွံ့ဖြိုးနေဆဲနိုင်ငံတွေကသူတွေ သိထား၊ နားလည်ထားတာက အမေရိကန်လို နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေက အင်မတန်မှ ပြီးပြည့်စုံပြီးသားသူတွေ၊ ပညာရေး ကျန်းမာရေးအဘက်ဘက်က ပြည့်စုံပြီးသားလူတွေ၊ ဒီလိုမျိုး။
ဒီစာအုပ်ဖတ်လိုက်မှ သိလိုက်ရတဲ့အရာက တကယ်ကို အံ့ြသစရာပဲ။ သူတို့နိုင်ငံမှာတောင် ကျောင်းမထားတဲ့၊ အတွေးခေါင်တဲ့၊ တစ်ယူသန် မိဘတွေ၊ မိသားစုတွေရှိနေသေးတယ်။ ကျွန်တော်တို့တွေမထင်ထားတဲ့ အမှောင်ဖက်ခြမ်းတစ်ခုကို တွေ့ရတယ်။
ဇာတ်လမ်းအကျဥ်းကို နည်းနည်းလောက်ပြောပြချင်ပါတယ်
တာရာက ငယ်ငယ်လေးကတည်းက မိဘတွေ၊ မောင်နှမတွေနဲ့ တောတောင်တွေကြားထဲမှာနေတယ်။ အင်မတန်မှ ခေါင်ဖျားတဲ့နေရာလို့ မဆိုနိုင်ပေမဲ့လည်း မြို့တွေလောက်တော့လည်းမစုံဘူးပေါ့၊ နေထိုင်မှုပုံစံတွေကလည်း ကွာတယ်။

အဖေနဲ့အမေမှာ အဖေကမြန်မာအခေါ် အလုပ်ကြမ်းသမား၊ ကားသင်္ချိုင်းမှာ လုပ်တယ်။ အမေကတော့ နာမည်အတော်အသင့်ရှိတဲ့ သားဖွားဆရာမ၊ ဒါကလည်း သေချာသင်ထားတဲ့ ဆရာမမျိုးမဟုတ်ပဲ အရပ်ထဲက လက်ဆင့်ကမ်းနည်းနဲ့ တတ်ခဲ့တဲ့ပုံစံမျိုးပါ။
မိသားစုတစ်ခုလုံးကို ဖခင်ဖြစ်သူကပဲ ချုပ်ကိုင်လွှမ်းမိုးထားတယ်။ အရာရာက သူ့ရဲ့ call အောက်မှာပဲ။ ဘာသာတရားကလည်း အင်မတန်မှ အစွန်းရောက်တယ်။ နောက်တစ်ခုဆိုးတာက တစ်ခါက မိသားစုတစ်ခုကို လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့သတင်းကို ကြားပြီးကတည်းက အခြေအနေက ပိုဆိုးလာခဲ့တယ်။
သူတို့ပြီးရင် ငါတို့မိသားစုအလှည့်ပဲဆိုပြီး အစိုးရကို ဆန့်ကျင်ရေးတွေ ပြင်းထန်လာတယ်၊ (သူတို့အပြော)ဆိုရှယ်လစ်ဝါဒတွေ မိသားစုဝင်တွေကြား ဝင်ရောက်လာမှာဆိုတဲ့အတွေးနဲ့ သားသမီးတွေကို ဘာမှမလုပ်ခိုင်း၊ ကျောင်းထားထားတဲ့သူတွေကို ထုတ်ပစ်၊ မနေရသေးတဲ့သူတွေခင်မျာလည်း ကျောင်းမတက်ရ၊ အိမ်တွင်းစာသင်ရေးစနစ်နဲ့ ပညာအရည်အချင်းအဲ့လောက်မရှိတဲ့ မိခင်ကပဲသင်တယ်။
ဒီထဲကမိသားစုက ဆိုရမယ်ဆို တကယ်ကို ignorant တွေပါ။ ဒီရဲ့အခြေခံကလည်း စိတ်ကျန်းမာရေးကြောင့်လို့ ဆိုရမယ်။ ဖခင်ကိုယ်တိုင်နဲ့ သားသမီးတွေထဲက တစ်ချို့ကတောင် bipolar လို့ခေါ်တဲ့ ရောဂါကို ခံစားနေတာ သူတို့ကိုယ်တိုင်တောင် မသိကြရှာဘူး။
မသိရင်မသိသလို ထထဖောက်တယ်၊ တစ်ခုခုဆိုရင်လည်း တစ်ယူသန် တစ်သံစွဲ စဥ◌်းစားခြင်းမရှိ၊ ဥာဏ်မသုံး။ ဒီဒဏ်တွေကို သမီးဖြစ်သူ အငယ်ဆုံးလေး တာရာကပိုပြီး ခံရရှာတယ်။ ဒီလိုခံနေရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကိုလည်း နောက်ပိုင်း တက္ကသိုလ်တက် ပညာသင်တဲ့အခါမှ ပြန်သုံးသပ်သိရှိသွားခဲ့တာ။
နောက်ပိုင်းမှာတော့ တာရာဟာ အရာရာကို လက်ခံပြီး ဘဝကို အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့တယ်လို့ပဲပြောရမယ်။ အခြေခံပညာကျောင်းတွေကို မတက်ခဲ့ရတဲ့သူတစ်ယောက်က တကယ့်နာမည်ကြီး ကျောင်းတွေဖြစ်တဲ့ ကိန်းဘရစ်ချ်၊ ဟားဗတ်လိုတက္ကသိုလ်တွေကို တက်လမ်းနိုင်ခဲ့တယ်လို့ ဘယ်သူကရောယုံမှာလဲ။
အတိတ်က ဘယ်သူ့ကိုမှ ထိတွေ့ခွင့်မရတဲ့ တစ္ဆေတစ်ကောင်ပါ၊ အနာဂတ်ကမှ အင်အားအပြည့်နဲ့ပေါ့

ကျွန်တော့်အတွေး
လှောင်ချိုင့်ထဲက ငှက်က လှောင်ချိုင့်ပုံစံကို အပြင်ဘက်ကကြည့်မှ ပိုပြီး မြင်ရတာပေါ့။ ဘယ်လောက်ကျဥ◌်းကျပ်သလဲ၊ ဘယ်လောက်ဆိုးလိုက်သလဲဆိုတာ…။
ရုန်းထွက်ဖို့ကတော့ အင်မတန်မှခက်တယ်။ ရုန်းထွက်နိုင်ပြီဆိုရင်လည်း ပြန်မသွားဖြစ်တော့တာကတော့ အသေချာပဲ။ စွန့်လွှတ်သင့်တဲ့အရာကို စွန့်လွှတ်လိုက်ရတယ်။
တစ်ချို့ကျတော့ သူများဖန်တီးတဲ့ လှောင်ချိုင့်ထဲမှာ ရှိမနေပေမဲ့ ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ လှောင်ချိုင့်ထဲမှာ ပိတ်မိနေတတ်တယ်။ ဒါကိုလည်း မသိကြဘူး။ သိအောင်လည်း မကြိုးစားကြဘူး။ (ကြိုးစားဖို့ကိုလည်း ပြောပြရင် မကြိုက်ကြတဲ့သူတွေက ရှိသေးတယ်)
နောက်ဆုံးတော့လည်း ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ကပဲ အဓိကပါပဲ။ ကိုယ့်ရဲ့ အတွေ့အကြုံ၊ ခံယူချက်၊ ဆုံးဖြတ်ချက်တွေကပဲ ဘဝကို ပုံဖော်ပေးသွားတာပါ။
ဘယ်သူတွေကို ညွှန်းပေးချင်လဲ?
ဘယ်သူတွေအတွက်လည်းဆိုရင် စာကို ဖတ်ရုံတင်မဟုတ်ပဲ ဆက်စပ်ပြီး တွေးချင်တဲ့၊ မတူတဲ့အမြင်ကနေ ကြည့်ရတာ ကြိုက်တဲ့ သူတွေကို ဖတ်ကြည့်စေချင်တယ်။ ဒီစာအုပ်က အများကြီး ဆက်စပ်တွေးလို့ကောင်းတဲ့ထဲမှာ ပါပါတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်ဖို့ ဒါမှမဟုတ် အပြောင်းအလဲတစ်ခုခုအတွက် ကြိုးစားနေကြရတဲ့အချိန်မှာ အများကြီး အသုံးဝင်မယ်လို့ထင်တယ်။
အခုအခြေအနေနဲ့ဆိုရင် ပြောစရာတွေ၊ မတူတဲ့တွေးခေါ်ပုံ base တွေနဲ့ တစ်ယောက်တစ်မျိုးထွက်လာနိုင်တယ်။ဒါပေမဲ့ တကယ့်သင်ခန်းစာတွေကတော့ ကိုယ်ကိုယ်တိုင်ပဲ ရှာရမှာပါ။
ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
Leave a Reply